(ဆရာမကြီးဓမ္မဗျူဟာဒေါ်ခင်လှတင်၏ရှင်းလင်းချက်) အနောက်တိုင်းဆေးပညာအရ ကျမတို့မှာသိစိတ်(conscious mind) နဲ့ မသိစိတ်(unconscious mind)ဆိုပြီးနှစ်မျိုးရှိတယ်၊စိတ်တွေဟာဦးဏှောက်ထဲမှာဖြစ်တယ်လို့ယူဆတာပဲရှိပါတယ်။ဒါပေမဲ့ ဦးဏှောက်ကို ခွဲစိပ်တာတောင်မသိပါဘူး။
ကျေးဇူးတော်ရှင်မြတ် ဘုရားရဲ့ တရားတော်အရတော့ သိစိတ် အမျိုးပေါင်း ၁၂၁ မျိုး ရှိတာ၊ဘယ်လိုအကြောင်းတွေကြောင့် စိတ်တွေ ဖြစ်တာ၊ဘယ်မှာဖြစ်တာ၊ စိတ်မှာ စိတ်အပြင်
စိတ်ကိုပြုပြင်တဲ့စေတသိတ်တွေ ပူးပေါင်းပါ၀င်တာကအစ တော်တော် စုံစုံလင်လင် သိရပါတယ်။
စိတ် (Mind) ဆိုတာကို ဘာသာတရားအရ ကျမသိသလိုမျှဝေပါတယ်။အမှားများပါရင်လည်း ရဟန်း ပညာရှိ၊
လူပညာရှိများ ကရုဏာရှေးထား၍ပြုပြင်ပေးတော်မူကြပါလို့
အစဦးဆုံး မေတ္တာရပ်ခံ အပ်ပါတယ်။
© ဒွါရ (၆) ပါးနဲ့ အာရုံတိုက်လို့ ပေါ်လာတဲ့
အာရုံကိုသိတဲ့စိတ်အစဉ်ကိုသိစိတ် (ဝါ) ဝီထိစိတ် (ဝါ) နိုးကြားစိတ်(conscious mind) လို့ခေါ်ပါတယ်။
အာရုံ (၆) ပါးနှင့် သက်ဆိုင်ရာ အကြည်ဓာတ်တို့
တိုက်ဆိုင်ပြီး၊ လိုအပ်သောအကြောင်းတရားများ
ပြည့်စုံသည့်အခါသက်ဆိုင်ရာဝီထိစိတ်များ ဖြစ်ပါတယ်။
© အာရုံ (၅)ပါးကြောင့်ဖြစ်သော
ဝီထိစိတ်များဖြစ်ပေါ်ပုံတူညီကြလို့
ပဉ္စဒွာရဝီထိ ဟုခေါ် ပါတယ်။
ဓမ္မာရုံနှင့်မနောဒွာရကြောင့် ဖြစ်သောဝီထိစိတ်ကိုတော့
မနောဝီထိ ဟုခေါ်ပါတယ်။
© ဝီထိစိတ်မဖြစ်တဲ့အချိန်မှာ ဖြစ်တဲ့စိတ်ကို
မသိစိတ်(ဝါ) ဝီထိမုတ်စိတ် (ဝါ) ဘဝင်စိတ်
(unconscious mind) လို့ ခေါ်ပါတယ်။
ဘဝင်စိတ်ဆိုတာ အိပ်မောကျစဉ် ပြင်ပ အာရုံတွေနဲ့ ကင်းလွတ်တဲ့အချိန်မှာဖြစ်တဲ့ စိတ်ဖြစ်ပါတယ်။
ဘဝင်စိတ်က သတ္တဝါ ဆက်လက် အသက်ရှင်ဖို့
လိုအပ်ပါတယ်။ စိတ်မရှိတော့ရင် လူသေဖြစ်သွားပါပြီ။
လူရှင်နဲ့ လူသေအလောင်းဟာ စိတ် ရှိတာနဲ့ မရှိတာပဲ
ကွာပါတယ်။
© ပဋိသန္ဓေစိတ်ဟာလဲ ဘဝင်စိတ်ပဲဖြစ်ပါတယ်။
စိတ်ဆိုတာအာရုံမရှိဘဲ မဖြစ်နိုင်ပါဘူး။
ပဋိသန္ဓေစိတ်နဲ့ ဘဝင်စိတ်ဟာ ယခင်ဘဝက
စုတိစိတ်ယူခဲ့တဲ့ အာရုံများဖြစ်တဲ့ ကံ (ဝါ)
ကမ္မနိမိတ် (ဝါ) ဂတိနိမိတ် တစ်ခုခုကို
အာရုံပြုပါတယ်။
© အဲဒီစိတ်သုံးမျိုးလုံးဟာ အာရုံလဲတူ၊
အမျိုးဇတ်လည်းတူ၊ ယှဉ်ဘက်စေတသိတ်တွေလဲ
တူတဲ့ စိတ်တွေဖြစ်ကြပါတယ်။ ဖြစ်ပေါ်ရာ
အချိန်ကို လိုက်ပြီးတော့သာ စုတိစိတ်၊ ပဋိသန္ဓေစိတ်၊
ဘဝင်စိတ်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ သံသရာ
စကတည်းက နိဗ္ဗာန် မဝင်မချင်း ဘဝင်စိတ်နဲ့
ဝီထိစိတ်တွေဟာ တပြန်စီ ဖြစ်နေကြပါတယ်။
© ဘဝင်စိတ်ဖြစ်စေ၊ ဝီထိစိတ်ဖြစ်စေ စိတ်တိုင်းရဲ့
သက်တမ်းဟာ ဥပါဒ်၊ ဌီ၊ ဘင် ဆိုပြီး ခဏငယ်
သုံးချက်ပဲရှိပါတယ်။ မြန်မာလို ဖြစ်၊ တည်၊ ပျက် လို့
ခေါ်ပါတယ်။
ခဏငယ်ဆိုတာ အလွန်တိုတောင်းသော အချိန်လေးကို
ဆိုလိုပါတယ်။ ဥပါဒ်၊ ဌီ၊ ဘင် ခဏငယ်သုံးချက်ပေါင်းကို
စိတ္တက္ခဏ တစ်ချက်လို့ ခေါ်ပါတယ်။
© စိတ်တွေဟာ တစ်စက္ကန့်မှာ ကုဋေတစ်သိန်း
ဖြစ်ပျက်နေပါတယ်။ ဒါကြောင့် စိတ်တစ်ခုရဲ့
သက်တမ်း(စိတ်သက်)ဟာ တစ်စက္ကန့်ရဲ့ ကုဋေ
တစ်သိန်းပုံတစ်ပုံခန့် သာရှိပါတယ်။ ရုပ်ဟာလည်း
စိတ်ကဲ့သို့ ဖြစ်၊ တည်၊ ပျက် ဟူသော အစဉ်နဲ့
ဖြစ်၊ ပျက်နေပါတယ်။
© ဒါပေမဲ့ ရုပ်ရဲ့ သက်တမ်း (ရုပ်သက်) က
စိတ်သက်ထက် ၁၇ဆ ပိုကြာပါတယ်။
တနည်းအားဖြင့် ရုပ်သက် ဟာ စိတ္တက္ခဏ ၁၇ချက်နဲ့
ညီမျှပါတယ်။ ခဏငယ်အားဖြင့် ၁၇ x ၃ = ၅၁
ခဏဖြစ်ပါတယ်။
ရုပ်ရဲ့ ဥပါဒ်ခဏ နဲ့ ဘင်ခဏတို့ဟာ စိတ်ရဲ့ ခဏငယ်
တစ်ချက်စီသာကြာပါတယ်။ ဒါကြောင့် ရုပ်ရဲ့ ဌီခဏ ဟာ
စိတ္တက္ခဏ (၄၉) ချက် ကြာပါတယ်။
© အိပ်မောကျနေချိန်မှာ ဘဝင်စိတ်တွေ တစ်ခုပြီး
တစ်ခု ဖြစ်လိုက်၊ ပျက်သွားလိုက်၊ ဖြစ်လိုက်၊
ပျက်သွားလိုက်နဲ့ ဘဝင်စိတ် အစဉ်အတန်းတွေ
ဖြစ်ပျက်နေကြပါတယ်။
အဲဒီလို ဘဝင်စိတ်အစဉ်အတန်းတွေ ဖြစ်ပျက်နေစဉ်(ဝါ)
အိပ်ပျော်နေစဉ် ကျယ်လောင်သော အသံတစ်ခုပေါ်လာခဲ့ရင်
အဲဒီ အသံက အိပ်မောကျနေတဲ့ သူရဲ့နားဆီ အသံလှိုင်း
အဖြစ် ရောက်လာပြီး နားထဲမှာရှိတဲ့ ကမ္မဇအကြည်ရုပ်
(နားအမှေးပါး) ကို တိုက်လိုက်တာနဲ့ အိပ်ရာက နိုးလာပြီး ဘယ်နေရာက ဘာသံလဲဆိုတာ သိလိုက်ပါတယ်။ ဒါက
ကျမတို့ သာမာန် အပေါ်ရံ သိကြတာပါ။ တကယ့်ဖြစ်စဉ်မှာ အသံကြားဖို့ စိတ်ပေါင်း (၁၇)ခု ဖြစ်ပျက် သွားကြပါတယ်။
® ၁။ လွန်သောဘဝင်စိတ် (အတီတဘ၀င်)။
အသံရုပ် လာတိုက်ချိန်မှာ အရှိန်နဲ့ ဖြစ်ပျက် အစဉ်အတိုင်းဖြစ်နေတဲ့ ဘဝင်စိတ်အစဉ်ကို အနှောက်အယှက် မပေးနိုင်ပဲ အဲဒီဘဝင်စိတ်ကလေး လွန်သွားပြီး သူ့ သက်တမ်းအတိုင်း ဥပါဒ်၊ ဌီ၊ ဘင် ခဏမှာ ပျက်သွားပါတယ်။
® ၂။ လှုပ်သောဘဝင်စိတ် (ဘ၀င်္ဂစလန)။
နောက်ဘဝင်စိတ်ကလေးတစ်ခု ပေါ်လာပြန်တယ်။ ဒီဘဝင်စိတ်ကတော့ အသံရုပ်က နားအကြည်ရုပ်ကို လာတိုက်တဲ့အကျိုးသက်ရောက်မှုကို ခံရပြီး တုန်လှုပ် သွားပါတယ်။
သူလည်းသူ့သက်တမ်းအတိုင်း ဥပါဒ်၊ ဌီ၊ ဘင် ခဏမှာ
ပျက်သွားပါတယ်။
® ၃။ ပြတ်ဆဲသောဘဝင်စိတ် (ဘ၀ဂုင်္ပစ္ဆေဒ)။
နောက်ဘဝင်စိတ်ကလေးတစ်ခု ပေါ်လာပြန်တယ်။
ဒီဘဝင်စိတ်ကတော့ အသံရုပ်နဲ့ နား အကြည်ရုပ်တို့
တိုက်တဲ့ဒါဏ်ကို အပြည့်အဝခံရပြီး ဘဝင်စိတ်အစဉ်
လုံးဝ ပြတ်စဲသွားပါတယ်။ သူလည်း သူ့သက်တမ်း
အတိုင်း ဥပါဒ်၊ ဌီ၊ ဘင် ခဏမှာ ပျက်သွားပါတယ်။
® ၄။ ငါးဒွါရဆင်ခြင်သောစိတ် (ပဉ္စဒွါရဝဇ္ဇန်းစိတ်)။
ဒီစိတ်က ငါးဒွါရမှာလာတိုက်တဲ့ အာရုံကို ဆင်ခြင်တဲ့
စိတ်ဖြစ်ပါတယ်။ သူက ဆင်ခြင်ရုံပဲ၊ ဘာမှ မသဲကွဲပဲ
ဥပါဒ်၊ ဌီ၊ ဘင် ခဏမှာ ပျက်သွားပါတယ်။ ပဉ္စဒွါရဝဇ္ဇန်းစိတ် နှင့် မနောဒွါရဝဇ္ဇန်း(မနောအာရုံကိုဆင်ခြင်သောစိတ်)
တို့သည် အကျိုးဝိပါက် စိတ်လဲမဟုတ်။ အကျိုးပေးနိုင်သော စိတ်လဲမဟုတ်သည့် ကြိယာစိတ်များဖြစ်သည်။
ဘုရား၊ ရဟန္တာ မဟုတ်သောသူများတွင် ဖြစ်နိုင်သည့်
ကြိယာစိတ်နှစ်မျိုးဖြစ်သည်။
® ၅။ သောတဝိညာဏ်စိတ်။
ယခုမှကြားတဲ့စိတ်ကလေးပေါ်လာပါတယ်။ အဲဒီစိတ်ကလဲကြားရုံပဲ ရှိတယ်။ (၁) လွန်သော ဘဝင်စိတ်က စတိုက်တဲ့ အသံရုပ်ဟာ သောတဝိညာဏ်စိတ် ရောက်မှပဲ ကြားတဲ့
အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ကြားကာမျှသာ
ဖြစ်ပြီး ဥပါဒ်၊ ဌီ၊ ဘင် ခဏမှာပျက်သွားပါတယ်။
® ၆။ အာရုံကိုလက်ခံသောစိတ် (သမ္ပဋိ စ္ဆိုန်းစိတ်)။
ယခုပေါ်လာတဲ့စိတ်က ပြီးခဲ့တဲ့ စိတ်ကကြားတဲ့ အာရုံကို လက်ခံရုံသက်သက် တခြား ဘာမှ မလုပ်နိုင်ပဲ ကောင်းမှန်းဆိုးမှန်းမသိပဲ ဥပါဒ်၊ ဌီ၊ ဘင် ဆိုပြီး သက်တမ်းကုန်
ပြန်ပါတယ်။
® ၇။ အာရုံကိုစုံစမ်းသောစိတ် (သန္တိရဏစိတ်)။
ခုနစိတ်ကလေးလက်ခံခဲ့တဲ့ အာရုံကို စုံစမ်းတဲ့
စိတ်ဖြစ်ပါတယ်။ ဘာသံလဲ ဆိုတာစုံစမ်းတာပဲ။
ဒါပေမဲ့ ဘာမှမပြတ်သားဘူး။ ဘာမှတ်ချက်မှ မချနိုင်ပဲ သက်တမ်းကုန်လို့ ပျက်သွားပြန်တယ်။
® ၈။ အာရုံကိုမှတ်ချက်ချသောစိတ် (ဝုဋ္ဌော /
မနောဒွါရဝဇ္ဇန်း) ။
ခုပေါ်လာတဲ့စိတ်ကလေးက ဒါဘာသံလဲ။ ဘယ်နေရာက
လာတာလဲ။ ဥပမာ။ ကား ဟွန်းသံ၊ သေနတ်သံ။
အရှေ့ဘက်ကပေါ်တယ်စသည်ဖြင့် မှတ်ချက်ချနိုင်လို့
ပြတ်သားစွာသိတဲ့ စိတ် ကလေး ဖြစ်ပါတယ်။ ပြတ်သားစွာ
သိရပြီး အဲဒီစိတ်ကလေးလည်း သက်တမ်းကုန်လို့
ပျက်သွားပြန် တယ်။
® ၉။ ဇောခုနှစ်ကြိမ်။ ၉။၁၀။၁၁။၁၂။၁၃။၁၄။၁၅။
ပြတ်သားတဲ့မှတ်ချက် တိတိကျကျ သိလာရတော့
မကောင်းတဲ့ ဆူညံသံဆိုရင် မနှစ်သက်တဲ့ ဒေါသစိတ်။ ကောင်းတဲ့အသံ ဥပမာ- မိမိ နှစ်သက်တဲ့ သီချင်းသံ ဆိုရင်နှစ်သက်တဲ့ လောဘ စိတ်ကလေးပေါ်လာပါ တယ်။
ဘာမှန်း ညာမှန်း မသိ၊ နှစ်သက်တာလဲမဖြစ်။
မနှစ်သက်တာလဲ မဖြစ်ပဲ အသံရုပ်လို့ မသိပဲ သီချင်းသံ၊
ကားသံလို့ အမှားသိတာက မောဟစိတ်။ အဲဒီစိတ်ကို
ဇောစိတ်လို့ ခေါ်ပါတယ်။ သူလည်း သက်တမ်းကုန်တော့ ပျက်ပါတယ်။ ဒါပေမဲ့ သူ့လို့ အလားတူ နောက်ထပ်
စိတ်ကလေး ၆ ခု ပေါ်လာတယ် ပျက်သွားတယ်။
© သာမာန်အားဖြင့် စုစုပေါင်း ဇောစိတ် ခုနှစ်ခုဖြစ်ပြီး
ပျက်ပါတယ်။ မြတ်စွာဘုရားက ဇောကို စေတနာလို့
ဟောတော် မူပါတယ်။ သူ့မှာ သတ္တိတွေ ရှိတယ်။
ဇောစိတ်က ပျက်သွားပေမဲ့ သူ့ သတ္တိတွေက
မပျက်ပဲ စိတ်အစဉ်မှာ အကျိုးပေးဖို့ အစဉ်လိုက်ပါတယ်။ ပထမဇောက နောက် နောက် ဇောတွေရဲ့ အာသေဝနသတ္တိ
မရလို့ အားနည်းတယ်။ ဒါကြောင့် ယခုဘဝမှာ အကျိုးပေးဘို့ အခွင့်မကြုံရင်(အဟောသိ ကံ) အကျိုးမပေးဘဲ
ပျက်သွားပါတယ်။
© ပထမကုသိုလ်ဇော ယခုဘဝမှာအကျိုး
(ဒိဋ္ဌဓမ္မဝေဒနိယ ကံ)ပေးနိုင်ဖို့ သမ္ပဒါ ၄ ချက်နဲ့
ပြည့်စုံ ရပါတယ်။
က။ ပစ္စယဓမ္မိက = စင်ကြယ်သောအလှူပစ္စည်း။
ခ။ စေတနာမဟတ္တ = စေတနာသုံးတန်
လွန်ကဲမွန်မြတ်ခြင်း။
ဂ။ ဂုဏတိရေက = အလှူခံပုဂ္ဂိုလ်၏ဂုဏ်မြင့်မြတ်ခြင်း။
ဥပမာ- ရဟန်တာ။
ဃ။ ဝတ္ထုသမ္ပတ္တိ = ထိုရဟန္တာအရှင်မြတ်တို့
နိရောဓသမာပတ်မှထခိုက်။
© ခုနှစ်ခုမြောက် သတ္တမဇောက ရှေးရှေးဇောတွေရဲ့
အာသေဝနသတ္တိရတာကြောင့် အား အကောင်းဆုံး
ဖြစ်ပြီး နောက်ဘဝရဲ့ ရုပ်နာမ်အသစ်ကို ဖြစ်စေ
နိုင်ပါတယ်။ ကုသိုလ်ဇောက သုဂတိဘုံ (လူ၊ နတ်)
ရုပ်နာမ်ကို ဖြစ်စေ ပါတယ်။ အကုသိုလ်ဇောက
ဒုဂ္ဂတိဘုံ (ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ) ရုပ်နာမ်ကို
ဖြစ်စေပါတယ်။
အလယ်ဇော ငါးခုကတော့ နိဗ္ဗာန်မရောက်မချင်း
သတ္တဝါရဲ့ နာမ်အစဉ်မှာ လိုက်ပါပြီး အကျိုးပေးခွင့်ရမဲ့
အချိန်ကို စောင့်နေကြပါတယ်။
© ဇောစိတ်မှလွဲပြီး စိတ်အားလုံးဟာ ဝိပါက်စိတ်နဲ့
ကြိယာစိတ်တွေဖြစ်လို့ အကျိုးမပေး နိုင်ပါဘူး။
ဝိပါက်ဆိုတာ အကျိုးတရားတွေဖြစ်ပြီး၊
ကြိယာဆိုတာ ပြုကာမျှဖြစ်ပါတယ်။
ယခင်ဘဝများကပြုလုပ်ခဲ့သော ကုသိုလ်ကံတွေကြောင့် ကောင်းတာ မြင်ရ၊ ကြားရ၊ နံရ၊ စားရ၊ ထိတွေ့ရပြီး။
အကုသိုလ်ကံတွေကြောင့် မကောင်းတာ မြင်ရ၊ ကြားရ၊
နံရ၊ စားရ၊ ထိတွေ့ရ တာဖြစ်ပါတယ်။ အဲဒီ စိတ်တွေကို ကောင်းအောင်၊ ဆိုးအောင် ပြုပြင်လို့ မရသလို
သူတို့ ကြောင့်လဲ နောက်ဆက်တွဲ ဘာအကျိုးမှလည်း
မဖြစ်ပါဘူး။ ပြုပြင်နိုင်တဲ့နေရာက ဇောစိတ် ပဲ ဖြစ်ပါတယ်။
© ပထမဇောက ကုသိုလ်စိတ်ဖြစ်ရင် နောက်ဇော
စိတ်အားလုံး ကုသိုလ်ဇောဖြစ်ပြီး။ ပထမ ဇောက
အကုလိုလ် စိတ်ဖြစ်ရင် နောက်ဇောစိတ်အားလုံး
အကုသိုလ်ဇောဖြစ်ပါတယ်။ ဒါကြောင့် ဘာအာရုံနဲ့ပဲ
စုံစုံ ယောနိသော မနသိကာရ (ကောင်းသော
နှလုံးသွင်းခြင်း) ထားရင် ကုသိုလ်ဇောတွေ
ဖြစ်ပါတယ်။ ဒါမှမဟုတ် ဝိပဿနာရှုခြင်း(အဆင်း
မြင်တာလို့) ပရမတ်ကို အာရုံပြုလျှင် လောဘ၊ ဒေါသ၊
မောဟ စတဲ့ ကိလေသာ မဝင်ဘဲ ဝိပဿနာမဂ်
ဖြစ်ပါတယ်။
® ၁၆။၁၇။ တဒါရုံနှစ်ကြိမ် (ဘ၀င်စိတ်)။
အဲဒီစိတ်ကလေးနှစ်ခုက ဇောစိတ်တွေအာရုံပြုခဲ့တဲ့
စိတ်ကိုထပ်အာရုံ ပြုတဲ့စိတ်တွေဖြစ် ပါတယ်။ သူလဲ
ဥပါဒ်၊ ဌီ၊ ဘင်ဆို ပျက်သွားပါတယ်။ အခုချိန် ရောက်မှ
ကြားခြင်း (ဝီထိစဉ်) ကိစ္စအလုံးစုံပြီးသွားပါတယ်။
စုစုပေါင်းကြားခြင်းကိစ္စ အပြည့်အစုံ ပြီးမြောက်ဖို့
စိတ်ပေါင်း(၁၇) ခု ဖြစ်ပျက်သွားရပါတယ်။ ခဏကလေးလို့ ထင်ရပေမဲ့ တဆင့် ပြီး တဆင့် စိတ်တွေ ဖြစ်ပျက်သွား
ကြပါတယ်။
© ဝီထိစိတ်ဖြစ်ပြီးတာနဲ့ ဘဝင်စိတ် ချက်ချင်း
ပြန်ပေါ်ပါတယ် (အနန္တသတ္တိ၊ သမနန္တသတ္တိ)။
အိပ်ပျော်နေတဲ့အချိန် မဟုတ်ရင် ဝီထိစိတ်တစ်ခု
ကုန်ဆုံးပြီး နောက် ဝီထိစိတ်တစ်ခု မဖြစ်ပါဘူး။
ကြားမှာ ဘဝင်စိတ်တွေ အနည်းဆုံး (၂၃) ခု ခန့်
ဖြစ်ပျက်ကြပါတယ်။
မြတ်စွာဘုရားရှင်၏ ဝီထိစိတ်တစ်ခုနှင့်တစ်ခုကြားမှာတော့ ဘဝင် စိတ် ၁-၂ ခု ခန့်သာရှိပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ဟာ အာရုံတစ်ခုပြီး နောက်တစ်ခုကို အလွန် လျှင်မြန်စွာ ယူနိုင်လို့ သာမာန်လူတွေထက်
(၁၆) ဆပိုပြီး စကားမြန်မြန် ပြောနိုင်ပါတယ်။ ရေမီးအစုံတန်ခိုးပြာဋိဟာ (ကိုယ်ခန္ဓာ တစ်ဘက် တစ်ချက်ကမီးနဲ့
ရေများထွက်အောင်)လည်း ပြုနိုင်ပါတယ်။
© စိတ်ကလေးတွေဟာ ဆင့်ကဲ ဆင့်ကဲ အစားထိုး
ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ သံသရာ
တစ်လျောက်လုံး လူတို့၏ သွားရာလမ်းကြောင်းကဲ့သို့
သွားနေကြပါတယ်။ ရုပ်တွေလဲ စိတ်တွေလိုပဲ
(၁၇) ဆ ပိုနှေးသော နှုန်းနဲ့ ပေါ်လိုက် ပျောက်လိုက်
ဖြစ်ပျက် နေကြပါတယ်။
တစ်ဘဝတာ ဆုံးတဲ့အချိန်မှာတော့ သာမာန် မျက်စိအမြင်နဲ့
တွေ့ရတဲ့ ရုပ်အစုအပေါင်းက လူပုံသဏ္ဍန်၊ နတ်ပုံသဏ္ဍန်၊
ခွေးပုံသဏ္ဍန်ပြောင်းသွားပေမဲ့၊ သတ္တဝါရဲ့ အတွင်း
ရုပ်နဲ့နာမ် ကတော့ ဖြစ်ပျက် အစဉ်သာ ဖြစ်နေပါတယ်။
© ဥပမာအားဖြင့် ရွှေကို လက်ကောက်ကနေ
လက်စွပ်ပြောင်းလုပ်လိုက်ပေမဲ့ ရွှေကရွှေပါပဲ။
နောက် ဥပမာ အနေနဲ့ ရေကို အပူပေးလို့
ရေနွေးငွေ့ ပြောင်း သွားခြင်း၊ အအေးခံလို့
ရေခဲ ပြောင်းသွား ကြပေမဲ့ ရေ၊ ရေနွေးငွေ့၊ ရေခဲတွေ
မှာပါဝင်တဲ့ ဟိုက်ဒရိုဂျင်ဓါတ်နဲ့ အောက်ဆီဂျင်ဓါတ်
တွေကတော့ အရည်အသွေးရော အချိုးအဆရော
အတူတူပဲဖြစ်ပါတယ်။ သတ္တဝါတွေလည်း လူ့ဘဝ၊
နတ်ဘဝ စသည်ဖြင့် ဘဝတွေပြောင်းသွားကြပေမဲ့
တကယ်က ခန္ဓာငါးပါးပဲဖြစ် ပါတယ်။
© အထက်က အသံနဲ့နား အကြည်တိုက်မိလို့
ပေါ်လာတဲ့ အကြားအာရုံဖြစ်စဉ်မှာ အသံက ရုပ်၊
နားအကြည်ကလည်း ရုပ်ဆိုတော့
ရူပက္ခန္ဓာ ဖြစ်ပါတယ်။
နံပါတ်စဉ်(၅)မှာ သောတဝိညဏ်စိတ် ပေါ်တဲ့အတွက်
ဝိညာနက္ခန္ဓာ ပေါ်ပါတယ်။ စိတ်ဟာ သူတစ်ခုထဲ
ဘယ်တော့မှမဖြစ်ပါဘူး။ စိတ် ဖြစ်တိုင်း ပါရတဲ့
စေတသိတ်(၇)ပါး(သဗ္ဗစိတ္တသာဓာရဏ)နှင့် အတူဖြစ်ပြီး
အတူချုပ်ကြပါတယ်။ ဒီစေတသိတ် ခုနှစ်ပါးမှာပါတဲ့
ဝဒေနာက ဝဒေနက်ခန်ဓာ၊ သညာက သညာနက်ခန်ဓာ၊
ကျန် စေတသိတ်တွေမှာ စေတနာက ဦးဆောင်လှုံဆော်တာ
ကြောင့် သူ့အမည်တပ်ပြီး သင်္ခါရက္ခန္ဓာလို့ ခေါ်ပါတယ်။
© ဒါကြောင့် ခန္ဓာငါးပါးစလုံးပေါ်နေပျောက်နေတာပါဘဲ။
အကျဉ်းအားဖြင့် ရုပ်၊နာမ် (စိတ်+ စေတသိတ်)
နှစ်ပါးဘဲ ဖြစ်ပျက်နေကြပါတယ်။ ငါ၊ သူတစ်ပါး၊
လူနတ်ဆိုတာ (ပရမတ်သစ္စာ Real truth) မှာ
တကယ်မရှိပါဘူး။ (သမုတိသစ္စာ Apparent truth )
မှာသာ အခေါ်အဝေါ်အရ လူ၊ နတ်၊ သူ၊ ငါ ဆိုတာ
ရှိတာပါ။
တကယ်ရှိတဲ့ခန္ဓာငါးပါးကို ငါလို့ အမြင်မှား နေကြတာပါ။ (သက္ကယဒိဠိ။ သက္ကယ=ခန္ဓာငါးပါး။ ဒိဠိ=အယူမှား)။ ကြောင်းကျိုးသိမြင် ဒိဋ္ဌိစင်။
© ယ္ခုဖြစ်စဉ်မှာ ကြားတဲ့ကိစ္စ အလုံးစုံပြီးဖို့
စိတ်ကလေး(၁၇)လုံး ဖြစ်ကြ ပျက်ကြပါတယ်။
စိတ်ကလေးတစ်လုံးရဲ့ သက်တမ်းက ဥပါဒ်၊ ဌီ၊ ဘင်
ခဏငယ်သုံးချက်ရှိတော့ စိတ် (၁ရ) ခု မှာ
ခဏငယ် (၅၁) ချက်ရှိပါတယ်။ ခဏငယ်(၅၁) ချက်
ပြည့်တဲ့ အချိန်မှာ အသံ၊ အရိုက်ခံရတဲ့ ကြားရုပ်တို့
လည်း ရုပ်သက်ပြည့်လို့ ပျက်သွားကြပါတယ်။
အာရုံတိုင်းဟာ ရုပ်ရဲ့ ဥပါဒ်မှာသာ ထင်နိုင်တဲ့အတွက်
ရုပ်ရဲ့ ဥပါဒ်ခဏနဲ့ လွန်ဘဝင်ရဲ့ ဥပါဒ်နဲ့ တစ်ချိန်တည်း
ဖြစ်ပါတယ်။ ရုပ်ပျက်သောအချိန် ရုပ်ရဲ့ ဘင်ခဏ ဟာလဲ ဒုတိယသဒ္ဒါရုံရဲ့ ဘင်နဲ့ တချိန်တည်းပျက်ပါတယ်။
ဒါကြောင့် ဝီထိတစ်ခုမှာ ရုပ်ရော နာမ်ရောအတူတူဖြစ်ပြီး
အတူတူ ပျက်ကြပါတယ်။
® သောတဝိညာဏ်ဖြစ်ရန်အကြောင်း (၄) ပါး။
(၁) သောတပသာဒကောင်းမွန်ရမည်။
(၂) သဒ္ဒါရုံဟူသည့်ကြားနိုင်သောအသံရှိရမည်။
(၃) အာကာသဓာတ်ဟူသည့် လေဖြတ်သန်း
သွားလာနိုင်သော ဟင်းလင်းနယ်ရှိရမည်။
(၄) မနသိကာယဟူသည့် နှလုံးသွင်းမှုရှိရမည်။
အထက်ပါအကြောင်းလေးပါးစုံရင်တော့ သောတဝိညာဏ်
မဖြစ်နဲ့လို့ ဘယ်တန်ခိုးရှင်မှ တားလို့မရပါဘူး။
ထိုနည်းအတူဘဲ အကြောင်းမစုံရင် ဘယ်တန်ခိုးရှင်မှ (သောတဝိညာဏ်) ကြားအောင်လုပ်လို့မရပါဘူး။ ဒါတွေ
သိရလို့ သူ့ အလိုလိုဖြစ်တယ်ဆိုတဲ့ ဒိဠိတွေ။ ရုပ်နာမ်ဟာ
သေရင်ပြတ်တယ်ဆိုတဲ့ ဥစ္ဆေဒဒိဠိတို့၊ မြဲတယ်ဆိုတဲ့
သဿတဒိဠိတွေလည်း ကင်းသွားပါတယ်။
(သောတ၊ ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့)
® စက္ခုဝိညာဏ်ဖြစ်ရန်အကြောင်း (၄) ပါး။
(၁) မျက်စိပသာဒကောင်းမွန်ရမည်။
(၂) ရူပါရုံဟူသည့်မြင်နိုင်သောအဆင်းရှိရမည်။
(၃) အာလောကဟူသောအလင်းရှိရမည်။
(၄) မနသိကာယဟူသည့် နှလုံးသွင်းမှုရှိရမည်။
(စက္ခာ၊ လောက၊ ရူပထင်ပြီ၊ မနသီ၊
လေးလီစက္ခုဖို့)
® ဃနဝိညာဏ်ဖြစ်ရန်အကြောင်း (၄) ပါး။
(၁) ဃနပသာဒကောင်းမွန်ရမည်။
(၂) ဂန္ဓာရုံဟူသည့်အနံ့ရှိရမည်။
(၃) ဝါတဟူသည့်အနံ့ကိုဆောင်သောလေရှိရမည်။
(၄) မနသိကာယဟူသည့် နှလုံးသွင်းမှုရှိရမည်။
(ဃန၊ ဝါတ၊ ဂန္ဓာထင်ပြီ၊ မနသီ၊ လေးလီ၊
ဃာနဖို့)
® ဇိဝှါဝိညာဏ်ဖြစ်ရန်အကြောင်း (၄) ပါး။
(၁) ဇိဝှါပသာဒကောင်းမွန်ရမည်။
(၂) ရသာရုံဟူသည့်အရသာရှိရမည်။
(၃) အာပဟူသည့်လျှာရည်ရှိရမည်။
(၄) မနသိကာယဟူသည့် နှလုံးသွင်းမှုရှိရမည်။
(ဇိဝှါ၊ အာပ၊ ရသာထင်ပြီ၊ မနသီ၊ လေးလီ၊
ဃာနဖို့)
® ကာယဝိညာဏ်ဖြစ်ရန်အကြောင်း (၄) ပါး။
(၁) ကာယပသာဒကောင်းမွန်ရမည်။
(၂) ဖောဋ္ဌဗ္ဗာရုံဟူသည့်အထိအတွေ့ရှိရမည်။
(၃) ထဒ္ဓပထဝီဟူသည့် ခတ်မာသော ပထဝီရှိရမည်။
သိမ်မွေ.သော ဖောဋ္ဌဗ္ဗာရုံသည် ကာယဝတ္တု၌
မထိခိုက်နိုင်သဖြင့်အတွေ့အထိသိမှုဟူသော
ကာယဝိညာဏ် မဖြစ်နိုင်။
(၄) မနသိကာယဟူသည့် နှလုံးသွင်းမှုရှိရမည်။
(ကာယ၊ ထဒ္ဓ၊ ဖောဋ္ဌထင်ပြီ၊ မနသီ၊ လေးလီ၊
ဃာနဖို့)
® မနောဝိညာဏ်ဖြစ်ရန်အကြောင်း (၄) ပါး။
(၁) မနောဒွာရဟုခေါ်သောဘဝင်စိတ်ရှိရမည်။
(၂) မဉ္စာရုံ (ဝါ) ဓမ္မာရုံဟူသည့်အာရုံတစ်ခုခုရှိရမည်။
(၃) ဟာဒယဝတ္တုဟူသည့်စိတ်မှီရာဝတ္ထုရှိရမည်။
(၄) မနသိကာယဟူသည့် နှလုံးသွင်းမှုရှိရမည်။
(မနော၊ ဟာဒယ၊ ဓမ္မထင်ပြီ၊ မနသီ၊ လေးလီ၊
ဃာနဖို့)
© သိစိတ်များဖြစ်ရန်လိုအပ်ချက် (၄) ချက်စီရှိသည်။
ထိုလိုအပ်ချက်များတွင် ပထမ (၃) ချက်သာ
သိပ္ပံပညာတွင် ဖေါ်ပြထားသည်။ စတုတ္ထအချက်မှာ
သိပ္ပံပညာတွင် မပါသော မြတ်ဘုရား၏
သဗ္ဗညုတဉာဏ်တော်ဖြင့် ဟောတော်မူသည့်
အဘိဓမ္မာတရားတော်၏ ထူးခြားချက်ဖြစ်သည်။
သတိမမူ ဂူမမြင် – ဆိုသည့်အတိုင်း သတိမထားလျှင်(ဝါ) နှလုံးမသွင်းလျှင် ဂူတောင်မမြင်ပဲ ဖြစ်တတ်သည်။
® စိတ်၊ စေတသိတ်တို့၏ဖြစ်ကြောင်း။
(၁) ရှေးကံဟောင်း။
(၂) မှီရာဝတ္ထုရုပ်။
(၃) အာရုံ။
~ ရှေးကံဟောင်းသည်မျိုးစေ့နှင့်တူသည်။
~ ဝတ္ထုရုပ်သည်မြေနှင့်တူသည်။
~ အာရုံသည် ရေနှင့် တူသည်။
ကုသိုလ်၊ အကုသိုလ်၊ စိတ်တို့သည် မှီရာဝတ္ထုရုပ်နှင့်
အာရုံအကြောင်းနှစ်ပါးအပြင် ယောနိသောမနသိကာယ ဟူသော သင့်မြတ်သောနှလုံးသွင်းမှုကြောင့်ဖြစ်ပါသည်။
ကျမ်းကိုးစာရင်း။
၁။ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်၊ဒေါက်တာမင်းတင်မွန်၊ ၁၉၉၃။
၂။ ဒေါ်ခင်လှတင်၊ ဓမ္မဗျူဟာ၊အဘိဓမ္မာပို့ချချက်
Posted inBurmese version