အာနာပါန သမထ ဝိပဿနာအကြောင်း

အာနာပါနကျင့်စဉ် သည် အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ သမထ Samatha (calm and concentration) ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက်သမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။ အာနာပါန သမထ သည် ထွက်လေ၀င်လေ ကို အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။ ထွက်လေ ၀င်လေကို သတိနဲ့ ၀င်၊ သတိနဲ့ထွက်စေရမည်။ ထွက်လေ ၀င်လေကိုသာ မမေ့တဲ့ သတိကောင်းကောင်းနဲ့ ထွက်တိုင်း ၀င်တိုင်း ထွက်လေကို လိုက်သိနေပါ၊ ၀င်လေကို လိုက်သိနေပါ၊ သတိအလုပ် မမေ့စေနဲ့၊ မမေ့ရ ပါ၊ အာနာပါန သည် “ထွက်သက် ၀င်သက် “ ဟု အဓိပ္ပာယ်ရ၏၊ ထို့ကြောင့် အာနာပါနရူမှတ်ပွားများနည်းဆိုသည်မှာ.. ထွက်သက် ၀င်သက်(ထွက်လေ၊ ၀င်လေ) ကို သတိကပ်၍ ရူမှတ်ပွားများရသော နည်းဖြစ်သည်။အာနာပါန ရူမှတ်သူသည် ထွက်လေ ၀င်လေတိုးထိရာ နှာသီးဖျားကို သတိစိုက်၍ ထွက်လျှင် ထွက်လေ၊ ၀င်လျှင် ၀င်လေဟု အဖန်ဖန် နှလုံးသွင်းရူမှတ်ရမည်။ ဤအခြေခံ ရူမှတ်သည့်အဆင့်တွင် အသက်ကို ရှူသွင်း ရှူထုတ်တိုင်း ရှူသွင်း ရှူထုတ်မှန်းသိအောင် သတိထားရမည်၊ ထို့ပြင် ထွက်လေ ၀င်လေကို နှာသီးဖျားတွင် သတိကပ်ရူမှတ်ရမည်။ ထွက်လေ ၀င်လေနောက်သို့ စိတ်ကလိုက်ပါပြီး မရှူမှတ်ရ၊ နှာသီးဖျား၌ သတိကပ်ထားပြီး ၀င်တိုင်း ထွက်တိုင်း သိသိနေရပါမည်၊ ထွက်လေ ၀င်လေ နှာသီးဖျား၌ တိုးနေ ထိနေသည်ကို သိရမည်၊ သတိကောင်းလေ ပို၍ ထင်ရှားလာလေ ဖြစ်လိမ့်မည်။ နှာသီးဖျား၌ စိတ်စိုက်ထားပြီး ထွက်လေ ၀င်လေ ကို ထွက်လျှင် ထွက်မှန်းသိ၊ ၀င်လျှင် ၀င်မှန်းသိနေအောင် ရူမှတ်ရမည်။ အချုပ်အားဖြင့် ဤအခြေခံရူမှတ်ခြင်းသည် သတိကို ဦးစားပေးထူထောင်ခြင်းပင်ဖြစ်သည်။  

အာနာပါနရူမှတ်ခြင်း၏ အကျိုးများ

အာနာပါနကို ရူမှတ်ပွားများသူသည် –

(၁) စိတ်ငြိမ်သက် အေးချမ်းခြင်း၊

(၂) မှန်ကန်စွာ တွေးခေါ်ကြံစည်နိုင်ခြင်း၊

(၃) ကိုယ်စိတ်ချမ်းသာစွာ နေရခြင်း၊

(၄) စတုက္ကနည်းအရ ရူပါ၀စရစျာန် ၄-ပါးကို ရနိုင်ခြင်း၊

(၅) သတိပဋ္ဌာန်(၄)ပါး၊ ဗောဇ္စျင် (၇)ပါးတို့နှင့် ပြည့်စုံခြင်း၊

(၆) ဘ၀၏နောက်ဆုံး ထွက်သက် ၀င်သက်ကို သိခြင်း၊

(၇) မိမိ၏ အသက်အပိုင်းအခြားကို သိခြင်း၊

(၈) မဂ်ဖိုလ်၏ အခြေခံကိုရရှိခြင်း၊

အစရှိသော အကျိုးတရားများကို မျက်မှောက်ဘ၀၌ပင် ခံစားရရှိမည်ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply